Language: Myanmar English

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့၍ ကစားကွင်းအတွင်း ဆော့ကစားနေသည့် အပြစ်မဲ့ ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိ 

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေသူများဖြစ်သည့် မဇင်မြတ်နိုး(၁၂)နှစ်၊ မကြယ်စင်လင်းသန့်(၁၇)နှစ်နှင့် မစင်သီတာသိမ့်(၁၂)နှစ်တို့ သုံးဦးသည် အဆိုပါရပ်ကွက် “ဝေနေယျသုခချမ်းသာအေး” ဆုတောင်းပြည့်စေတီတော်အနီးရှိ ကလေးများ ကစားရန်ပြုလုပ်ထားသည့် ကစားကွင်း၌ ဆော့ကစားနေစဉ် ကစားကွင်းအတွင်း အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ သုံးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။  
    အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့၍ ကစားကွင်းအတွင်း ဆော့ကစားနေသည့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံ။