၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၈ မိုင် ၂ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေး-ရန်ကုန်လမ်းပိုင်းရှိ ရွာသစ်ကျေးရွာလမ်းပေါက်မှ အခင်းဖြစ်နေရာအမြန်လမ်းမကြီးပေါ်သို့ မိတ္ထီလာမြို့နယ်၊ ရွာသစ်ကျေးရွာနေ ပြည့်ပြည့်ဝင်း(၂၈)နှစ်မောင်းနှင်ပြီး ညီမဖြစ်သူ ပြည့်ပြည့်မိုး(၁၀)နှစ် လိုက်ပါလာသည့် MDY/71W-XXXX HONDA WAVE ဆိုင်ကယ်ဖြင့် ဖြတ်မောင်းနှင်စဉ် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာနေ နိုင်မင်းသက်(၄၁)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးတို့ လိုက်ပါလာသည့် YGN-1/9D-XXXX NISSAN AD VAN ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ ပြည့်ပြည့်ဝင်းနှင့် ပြည့်ပြည့်မိုးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ခွင့်မရှိသော ဆိုင်ကယ်အား မောင်းနှင်ခဲ့သူ ပြည့်ပြည့်ဝင်းအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။