Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး

       ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌  ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ည ၉ နာရီ ၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဗေဒင်ကုန်းကျေးရွာနေ ဖြိုးဝေအောင်(၃၂)နှစ် မောင်းနှင်လာသော SHN-23/ 5D-XXXX HINO PROFIA TRUCK ယာဉ်သည် မိုင်တိုင်အမှတ် ၆၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ဖလုံဘူတာကျေးရွာနေ ဒေါ်ချိုမာ(၅၀)နှစ်နေသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ချိုမာတွင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဖြိုးဝေအောင်အား တိုက်ကြီးမြို့မရဲစခန်းယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံ။