Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းအား ဖောက်ထွင်းပြီး ရေနံများခိုးယူရန် ကြံစည်အားထုတ်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းအား ဖောက်ထွင်းပြီး ရေနံများခိုးယူရန် ကြံစည်အားထုတ်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ဘုရားပေါ်သို့ အမျိုးသား နှစ်ဦး မသင်္ကာဖွယ်တက်ပြေးသွားကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုက်လံရှာဖွေစစ်ဆေးခဲ့ရာ အမှတ်(၅)ရွှေသူဌေးကုန်းရပ်ကွက်နေ ဇင်မင်းလတ်(ခ)ဗေကြီး(၃၃)နှစ်နှင့် အမှတ်(၅)မော့တန်းလျားရပ်ကွက်နေ ခန့်ညားအောင်(၂၅)နှစ်တို့ နှစ်ဦးအား  ရေနံပိုက်လိုင်းအား ခိုးယူဖောက်ထွင်းရာတွင် အသုံးပြုသည့် လွန် တစ်ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိပြီး စစ်မေးရာ ၎င်းတို့ နှစ်ဦးမှာ ရေနံတွင်းအမှတ်(1205)၏ လက်တံလိုင်းအား ဖောက်ထွင်းခဲ့ကြောင်း သိရသဖြင့် ဇင်မင်းလတ်(ခ)ဗေကြီးနှင့် ခန့်ညားအောင်တို့ နှစ်ဦးအား ချောက်မြို့မရဲစခန်း(ပ)၂၂/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)/၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းအား ဖောက်ထွင်းပြီး ရေနံများခိုးယူရန် ကြံစည်အားထုတ်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။