၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ အောင်သီရိလမ်းရှိ “ရွှေမိုး” ဟိုတယ်၌ Online မှ နှစ်လုံး/သုံးလုံးထီရောင်းချနေကြောင်း သတင်းအရ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် အခန်းအမှတ်(၂၀၆)တွင် တည်းခိုနေထိုင်သူ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ ယွန်းမီမီစိုး(၂၉)နှစ်နှင့် အခန်းအမှတ်(၂၀၇)တွင် တည်းခိုနေထိုင်သူ မြို့မ(၁)ရပ်ကွက်နေ ဝါဝါနွယ်(၃၆)နှစ်တို့ နှစ်ဦးအား လက်ကိုင်ဖုန်း ခြောက်လုံးနှင့်အတူ တွေ့ရှိရပြီး လက်ကိုင်ဖုန်းများအတွင်းမှ Viber အသုံးပြု၍ နှစ်လုံးထီရောင်းချထားသည့် နှစ်လုံးထီဂဏန်းနှင့် ငွေပမာဏဖော်ပြထားသည့် မှတ်တမ်းများ၊ လောင်းကြေးငွေ လွှဲ/လက်ခံပြုလုပ်ထားသည့် K-Pay/ Wave Pay မှတ်တမ်းများ၊ အချိန်နှင့်ထိုးကြေးများ ရေးသားထားသည့် ဖြတ်ပိုင်းစာရွက်များနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၆၀,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ယွန်းမီမီစိုးနှင့် ဝါဝါနွယ်တို့ နှစ်ဦးအား ထားဝယ်မြို့မရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။