Language: Myanmar English

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင် နိုင်ငံသား ရှစ်ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

    နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့်   နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-မယ်ထော်သလေးနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးအား ၂၀၂၅ ခုနှစ်၊  ဧပြီ ၂၄ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
     အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့  အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေမှုကို ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ဖြည့်စွက်မှာကြားသည်။
     ၂၀၂၅  ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၀၄၀ ဦးအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ  ၇,၃၁၁ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁,၇၂၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့    လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား ရှိသည်။
     နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို  သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။