၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် နံနက် ၁ နာရီတွင် အလုံမြို့၊ ကမ်းနားလမ်း၊ မီးသတ်စခန်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကမ်းနားလမ်းအတိုင်း မြောက်မှတောင်သို့ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းမြောက်ရပ်ကွက်နေ အောင်သက်နိုင်(၄၀)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး လိုက်ပါလာသည့် YGN-35 7L/XXXX TOYOTA WISH အဖြူရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်း၏ဝဲဘက်ဘေး၌ ရပ်ထားသည့် မော်တော်ယာဉ် သုံးစီးအား ဝင်ရောက်တိုက်မိ၍ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အင်းစိန်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ကိုဝင်းကိုနိုင်(၂၄)နှစ်ပါ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကာ အောင်သက်နိုင်အား အလုံမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။