၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မှတ်တိုင်အမှတ် ၄၁/၃ နှင့် ၄၁/၄ ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးသန်းစိုးအောင် မောင်းနှင်လာသော ယာဉ်အမှတ် YGN-12/5A-XXXX TOWNACE အမျိုးအစား အဖြူရောင်မော်တော်ယာဉ်သည် မောင်းနှင်နေစဉ် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ မန်ကျည်းပင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဘောနတ်ကြီးအမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၃၈ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် YGN-12/5A-XXXX TOWNACE အမျိုးအစား အဖြူရောင်မော်တော်ယာဉ်၏ ဦးခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ပြီး၊ ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၄ ဦးအနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ဦးသန်းစိုးအောင်အား ဘောနီအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။