လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအရှေ့ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်နေ ဦးထွန်းဝင်းနိုင်(၄၆)နှစ်သည် တော်ခရမ်းအရှေ့ကျေးရွာရှိ “မဏိဥသျှောင်စေတီတော်” ထီးတော်အသစ်တင်လှူပွဲ၌ ရှိနေစဉ် အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းဝင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။