Language: Myanmar English

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၌ တရားမဝင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ မေ ၁ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၌ တရားမဝင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ ၁၈ လမ်းပေါ်၌ အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဝင်းမင်းထွန်း(ခ)သားအို(၄၂)နှစ်အား တားဆီးစစ်ဆေးရှာဖွေခဲ့ရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများအား ရှာဖွေသိမ်းဆည်းရမိသဖြင့် ဝင်းမင်းထွန်း(ခ)သားအိုအား အေးသာယာနယ်မြေရဲစခန်း (ပ)၅၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့်လည်းကောင်း။
    အလားတူ မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ တောင်ကွက်သစ်ရပ်ကွက်နေ ဒေါ်အေးအေးမြင့်(၅၀)နှစ်နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ ဒေါ်အေးအေးမြင့်အား ၎င်း၏နေအိမ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ရှာဖွေသိမ်းဆည်းရမိသဖြင့် အေးအေးမြင့်အား ရပ်စောက်မြို့မရဲစခန်း (ပ)၃၂/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ-၁၈(က)/၁၉(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။