Language: Myanmar English

မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖော်ထုတ်ဖမ်းဆီး

    ၂၀၂၅ ခုနှစ်၊ မေ ၁ ရက်က တိုင်းဒေသကြီး/ပြည်နယ်များ၌ အထောက်အထားမဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အချို့တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်နေ မနေသန္တာခိုင်(၄၂)နှစ် မောင်းနှင်လာသည့် YGN-7/7K-XXXX NISSAN NOTE အဖြူရောင်မော်တော်ယာဉ်နှင့် အောင်မြေသာစံမြို့နယ်၊ ယွန်းစုရပ်ကွက်နေ ရန်အောင်(၂၇)နှစ် မောင်းနှင်လာသည့် SHN/RLG-XXXX MITSUBISHI CHARIOT အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့်  နေသန္တာခိုင်နှင့် ရန်အောင်တို့အား စစ်ကိုင်းမြို့မရဲစခန်း၌လည်းကောင်း။
    အလားတူ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူး-မကွေးကားလမ်း ဧရာဝတီတံတားပူပေါင်းစစ်ဆေးရေးဂိတ်၌ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မင်းဘူးမြို့မှ မကွေးမြို့သို့ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာနေ ကျော့ဇင်(၅၅)နှစ် မောင်းနှင်လာသည့် MDY-17/9L-XXXX HONDA FIT SHUTTLE ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့်  ကျော့ဇင်အား မကွေးမြို့မရဲစခန်း၌လည်းကောင်း။
    ထို့အတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၌ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်နေ မဆုမြတ်သန္တာ(၂၃)နှစ် မောင်းနှင်လာသည့် YGN-21/4H-XXXX TOYOTA SUCCEED အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆုမြတ်သန္တာအား မြဝတီမြို့မ ရဲစခန်း၌လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူး-မကွေးကားလမ်း ဧရာဝတီတံတားပူပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။