Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဒဏ်ရာရရှိ


    ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်က မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မန္တလေး-ပြင်ဦးလွင်အတက်ကားလမ်းမိုင်တိုင်အမှတ် ၁၆ မိုင် ၅ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန္တလေးမှ ပြင်ဦးလွင်သို့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁)နေ ထက်ဝေယံမင်း(၂၂)နှစ် မောင်းနှင်လာသည့် MDY-8/5D-XXXX SURF မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူ ၎င်းအရှေ့မှ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာနေ ဖြိုးဖြိုးထွန်း(ခ)ကိုဖြိုး(၃၃)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မအေမီကျော်(ခ)ယမင်းကျော်(၂၇)နှစ်၊ သမီးများဖြစ်သော မကျော့ကေခိုင်(၈)နှစ်နှင့် မနှင်းအေးသောင်း(၃)နှစ်တို့ လိုက်ပါလာသည့် MDY/46W-XXXX SCOOPYI 110 ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိကာ တောင်ကမ်းပါးရံအား ထပ်မံတိုက်မိခဲ့သဖြင့် ဖြိုးဖြိုးထွန်း(ခ)ကိုဖြိုးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ထက်ဝေယံမင်းနှင့် မအေမီကျော်(ခ)ယမင်းကျော်၊ မကျော့ကေခိုင်၊ မနှင်းအေးသောင်းတို့ လေးဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ထက်ဝေယံမင်းအား ပြင်စာနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။