Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ မေ ၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ (၁)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမိုင်တိုင်အမှတ် ၁၉၄ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့လှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန္တလေးမှ ရန်ကုန်သို့ မြို့လှမြို့၊ (၁)ရပ်ကွက်နေ စိုးကွင်း(၄၇)နှစ် မောင်းနှင်လာသည့် 78W-XXXX HONDA 125 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းအနောက်မှ အရှေ့သို့ ချိုးကွေ့စဉ် လားရာတူနောက်မှ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာနယ်မြေ(၆)နေ လွင်သက်ပိုင်(၃၅)နှစ် မောင်းနှင်လာသည့် MDY-12/ 5M-XXXX YUTONG ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် စိုးကွင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် လွင်သက်ပိုင်အား မြို့လှနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ 
ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။