၂၀၂၅ ခုနှစ်၊ မေ ၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူ အမျိုးသား နှစ်ဦးအား ဝင်ရောက်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ဆေးရုံအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၃၁ မိုင် ၇ ဖာလုံနှင့် ၂၃၂ မိုင်ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းမနားမှ တပ်ကုန်းသို့ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်နေ ထွန်းထွန်းနိုင်(ခ)အာကာ(၄၀)နှစ် မောင်းနှင်လာသည့် MDY-21/ 3Q-XXXX HYUNDAI STAREX ခရီးသည်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယုန်ကုန်းကျေးရွာနေ ဦးပြုံးချို(၅၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးဝင်းအောင်(ခ)ဇော်ဖိုး(၄၆)နှစ်တို့ နှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးပြုံးချိုနှင့် ဦးဝင်းအောင်(ခ)ဇော်ဖိုးတို့တွင် ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့သောကြောင့် ထွန်းထွန်းနိုင်(ခ)အာကာအား ရွှေတွင်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူ အမျိုးသား နှစ်ဦးအား ဝင်ရောက်တိုက်မိသဖြင့် သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။