Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိ

    ၂၀၂၅ ခုနှစ်၊ မေ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအနီး ရန်ကုန်-ပဲခူးကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း ရန်ကုန်မှ ပဲခူးသို့ မုန်းမာန်အောင်(၃၂)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဈေးနေ မင်းဇော်ဦး(၄၀)နှစ်၊ ဒိုက်ဦးမြို့နယ်၊ (၅)ရပ်ကွက်နေ ကောင်းထက်စံ(၂၅)နှစ်၊ သံတံတားရပ်ကွက်နေ ဒေါ်အေးသိန်း(၇၀)နှစ်နှင့် မသင်ဇာဝင်းတို့ လိုက်ပါလာသည့် YGN-2/6B-XXXX MITSUBISHI CANTER မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်တန့်ထားသည့် MDY-12/7F-XXXX NISSAN DIESEEL TRACTOR HEAD မော်တော်ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် မုန်းမာန်အောင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မင်းဇော်ဦး၊ ကောင်းထက်စံ၊ ဒေါ်အေးသိန်းနှင့် မသင်ဇာဝင်းတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မုန်းမာန်အောင်အား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။