၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇)လွှာတိုက်ခန်း မြေညီထပ်၊ အခန်းအမှတ်(B-1)နေ ဒေါ်ခင်ဖြူမြင့်(၄၇)နှစ်(ဘ)ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ အထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ် သိန်း ၂,၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် သိန်း ၂,၃၅၄၊ စုစုပေါင်း ငွေနှင့်ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေ ကျပ်သိန်း ၄,၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၆၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာရှိ လွင်ကိုဦး(၂၇)နှစ်(ဘ)ဦးအောင်ကို နေအိမ်အား ဧပြီ ၂၆ ရက်တွင် ဝင်ရောက်ဖမ်းဆီးရှာဖွေခဲ့ရာ လွင်ကိုဦး၏ဇနီး သင်းသင်းစိုး(၂၆)နှစ်(ဘ)ဦးမြင့်နိုင်အား တွေ့ရှိရပြီး ၎င်း၏ထွက်ဆိုချက်အရ ဧပြီ ၁၉ ရက်တွင် လွင်ကိုဦးသည် ပြစ်မှုကျူးလွန်ရရှိသည့်ငွေဖြင့် တပ်ကုန်းမြို့၌ KENBO 125 အနက်ရောင် ဆိုင်ကယ် တစ်စီးအား ဝယ်ယူခဲ့ကြောင်း၊ ကျန်ခိုးရာပါငွေများနှင့် ရွှေထည်ပစ္စည်းများအား ဆာလာအိတ်ဖြင့်ထုတ်၍ လက်ပံကျေးရွာရှိ နေအိမ်သို့ ယူဆောင်လာခဲ့ပြီး ဧပြီ ၂၁ ရက်တွင် သင်းသင်းစိုး၏ဖခင် မြင့်နိုင်၊ ညီမ ဖြိုးဖြိုး၊ ခဲအို ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်တို့နှင့်အတူ ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းပေါ်၌ ကျင်းတူး၍ မြှုပ်နှံသိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေးသိရှိရပြီး သင်းသင်းစိုး၏ ထွက်ဆိုချက်အရ ဧပြီ ၂၆ ရက်တွင် သက်သေခံ ငွေကျပ် သိန်း ၁,၄၀၀ နှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၉ ကျပ် ၁၀ ပဲ ၅ ရွေးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ လွင်ကိုဦး အား ဧပြီ ၂၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူကျေးရွာရှိ “စိန်လျှံ” တည်းခိုခန်း၊ အခန်းအမှတ်(H-3)တွင် ရှာဖွေဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ သက်သေခံ ငွေ ၁၂၇ သိန်းကျပ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ကျပ် ၃ ပဲ ၃ ရွေး၊ KENBO အမျိုးအစား အနက်ရောင် ဆိုင်ကယ် တစ်စီး၊ လွင်ကိုဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ လွင်ကိုဦးဓာတ်ပုံကပ်ထားသော မျိုးသူ အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ လက်ကိုင်ဖုန်းမျိုးစုံ ငါးလုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
တရားခံ လွင်ကိုဦး၏ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာမှစတင်၍ မန္တလေးမြို့ပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဧပြီ ၁၈ ရက် နံနက် ၈ နာရီတွင် ၎င်းအလုပ်လုပ်ကိုင်သည့် နေရာအနီးရှိ (၇)လွှာတိုက်ခန်းမြေညီထပ်၊ အခန်းအမှတ်(B-1)၏ အခန်းအတွင်းသို့ ဝင်ရောက်ကာ ငွေနှင့် ရွှေထည်ပစ္စည်းများအား ခိုးယူခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တပ်ကုန်းမြို့သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ပြန်လာကာ ဇနီးဖြစ်သူအား ငွေနှင့်ရွှေထည်ပစ္စည်းများအား သိုဝှက်သိမ်းဆည်းထားခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ ငွေနှင့်ရွှေထည်ပစ္စည်းများအား ခိုးယူမှုကျူးလွန်ခဲ့သူ တရားခံ လွင်ကိုဦးနှင့် သက်သေခံပစ္စည်းများအား သိုဝှက်သိမ်းဆည်းပေးခဲ့သူများဖြစ်ကြသည့် တရားခံ သင်းသင်းစိုးပါ လေးဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ် သိန်း ၄,၃၅၄ တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေများအား ခိုးယူမှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား တစ်ဦး၊ သက်သေခံပစ္စည်းများ သိုဝှက်သိမ်းဆည်းပေးသူ တရားခံ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။