Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ နေအိမ်မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၀၀ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ ပိုင်ရှင် ဦးနွဲ့ဝင်း၏ ၂၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် ထင်းမီးဖိုဖြင့် ပဲပြုတ်အိုးတည်ပြီးကျန်နေသော မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် နှစ်လုံး၊ ၁၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် သုံးလုံး၊ စုစုပေါင်း နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးနွဲ့ဝင်းအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။