၂၀၂၅ ခုနှစ်၊ မေ ၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၆ ရက် ညနေ ၆ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ သစ်ပင်မဲကျေးရွာအနီး၊ နောင်တရား-တီကျစ်သွားကားလမ်း မိုင်တိုင်အမှတ် ၄၂ မိုင်နှင့် ၄၃ မိုင်ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တီကျစ်ကျေးရွာနေ သိန်းဦး(၂၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ပူစူး၊ ဒေါ်သန်းတင်၊ ဒေါ်ညွှန့်စိန်၊ ဖိုးသားတို့ လေးဦး လိုက်ပါလာသည့် 3I-XXXX HIJET မော်တော်ယာဉ်သည် နောင်တရားမှ တီကျစ်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် ယာဉ်နောက်ဘီးပေါက်ကာ ကားလမ်းဝဲဘက်ခြမ်းရှိ မြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒေါ်ပူစူးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဒေါ်သန်းတင်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် သိန်းဦးအား နောင်တရားနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။