Language: Myanmar English

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၅ ဦး ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်း

     နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
         ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ မေလ ၁၇ ရက်တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး(KK Park)နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦး၊ တရုတ်နိုင်ငံသား နှစ်ဦး၊ ကင်ညာ နိုင်ငံသား သုံးဦး၊ အိန္ဒိယနိုင်ငံသား လေးဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှား နိုင်ငံသား နှစ်ဦး၊ ကာဇက်စတန်နိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၅ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက် အလက်များ ပြည့်စုံ မှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။
၂၀၂၅  ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်  ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား  စုစုပေါင်း ၉၀၈၆ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၈၄၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၆၇၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ 
       နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ် လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို  ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံ တကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။