Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင် ရောင်းဝယ်သူများအား ငွေကျပ် သိန်း ၉,၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် ည ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီး၌ မန္တလေးမြို့မှ ကလေးမြို့သို့ ကျော်စွာလင်း မောင်းနှင်သည့် MDY-14/7M-XXXX PAJERO မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ရှိ မွေ့ရာ နှစ်ခုအတွင်း သိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ်ဆပ်ပြာခွက် ၆၉၃ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ ၉၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၀ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးများ တင်ပေးခဲ့သူ ကျော်ကြီး(ခ)ကျော်မင်းအောင်အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၈(A)လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း။
     ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မွေ့ရာ ငါးခုအတွင်း သိုဝှက်ထည့်သွင်းထားသည့် ပလတ်စတစ်ဆပ်ပြာခွက် ၁,၉၃၆ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ အေးမြင့်(ခ)မလုအား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ မန္တလေးမှ ကလေးသို့ ဘိန်းဖြူများ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး(ခ)ဒေါ်အုန်းအား ဇွန် ၁၄ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြား၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ တင်ဦး(ခ)ဒေါ်အုန်း၊ ၎င်း၏သားဖြစ်သူ ဟိန်းလတ်နှင့် ဇနီး အေးအေးအောင်(ခ)မပိတို့ သုံးဦးမှာ အုန်းချောနယ်မြေရဲစခန်း မယ(ပ)၃/၂၀၂၄၊ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးများဖြစ်ပြီး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် မန္တလေးမှ ကလေးသို့ ဘိန်းဖြူ သယ်ဆောင်ရောင်းဝယ်သူများအား ငွေကျပ် သိန်း ၉,၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင် 
ရောင်းဝယ်သူများအား ငွေကျပ် သိန်း ၉,၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ
၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။