Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ငွေကျပ် ၆၀၄ ဒသမ ၉ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်၌ အောင်မျိုးလင်း(ခ)အားဖာ(၂၂)နှစ် မောင်းနှင်ပြီး အိုက်ဆမ်(ခ)အားဟုန်(၂၂)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ နှစ်ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၆ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၆၀၀) ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ လားဟူဈေးအနီး၌ အိုက်စ်(မက်သ်အဖက်တမင်း)များ ရောင်းချပေးသူ စိုင်းလုံ(ခ)ဝမ်ဒင်(၃၂)နှစ်အား ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိပြီး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ အိုက်စ်(မက်သ်အဖက်တမင်း) ၀ ဒသမ ၀၀၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅၀,၀၀၀ ကျပ်)၊ အက်တက်စီဆေးပြား ၁၁ ပြား (တစ်ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၄ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၆၃၀၀ ကျပ်)တို့အား ထပ်မံဖမ်းဆီးရမိသဖြင့် အောင်မျိုးလင်း(ခ)အားဖာ၊ အိုက်ဆမ်(ခ)အားဟုန်နှင့် စိုင်းလုံ(ခ)ဝမ်ဒင် သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။