Language: Myanmar English

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ လှိုင်ဈေးလမ်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက်နေ ဝင်းထွန်း(၅၃)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၊ သာယာအေးလမ်းဆုံ ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ သရက်ချောင်းရပ်ကွက်နေ နေလင်းအောင်(၂၀)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လည်းကောင်း။
    ထို့အတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ ချောင်းစောက်ရပ်ကွက်နေ မျိုးမင်းဦး(၄၆)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း၊ အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ ဂေါက်ကွင်းပတ်လမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်နေ ပြည့်ဖြိုးသူ(၂၇)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
     ထို့အတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဟောင်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာနေ နေလင်းဦး(၂၃)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။