၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ကားမှတ်တိုင်၌ ယာဉ်စောင့်ဆိုင်းနေသူများအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်လမ်း၊ ပေါက်တန်းမှတ်တိုင်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်တန်းကျေးရွာ နည်းပညာတက္ကသိုလ်လမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာနေ အာကာထက်မြတ်(၂၅)နှစ် မောင်းနှင်လာသော MDY-15/ 6R-XXXX KAMA VAN အဖြူရောင်မော်တော်ယာဉ်သည် ပေါက်တန်းမှတ်တိုင်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အဆိုပါမှတ်တိုင်၌ ယာဉ်စောင့်ဆိုင်းနေသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာနေသူများဖြစ်ကြသည့် ကိုကိုမြင့် (၂၁)နှစ်နှင့် မသဇင်ဦး(၁၇)နှစ်တို့ နှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ကိုကိုမြင့်နှင့် မသဇင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ကိုကိုမြင့်မှာ ရရှိထားသော ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် အာကာထက်မြတ် အား တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ကားမှတ်တိုင်၌ ယာဉ်စောင့်ဆိုင်းနေသူများအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။