၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သာဝတ္ထိဂိတ်ဟောင်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပျဉ်းမနားမြို့ဘက်မှ ရေနီမြို့ဘက်သို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သပြေလှကျေးရွာနေ ကောင်းမြတ်(၃၀)နှစ် မောင်းနှင်ပြီး လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းလေးကျေးရွာနေ ဟန်ဇာမင်းသိန်း(၁၉)နှစ် လိုက်ပါစီးနင်းလာသည့် YGN-13/ 1M-XXXX HONDA FIT အနက်ရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကောင်းမြတ်နှင့် ဟန်ဇာမင်းသိန်းတို့ နှစ်ဦးအား သာဝတ္ထိနယ်မြေရဲစခန်း (ပ)၃၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့်လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြိတ်မြို့နယ်၊ တုံးဗျောငယ်ကျေးရွာနေ ရဲလွင်စိုး(၄၆)နှစ် မောင်းနှင်လာသည့် YGN-7/7G-XXXX MITSUBISHI CANTER အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲလွင်စိုး အား မြိတ်မြို့မရဲစခန်း(ပ)၁၄၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။