Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုကျော် ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်၊ မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် MDY-14/5M-XXXX NISSAN DIESEL ခြောက်ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း။
     ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နန်းသီရိအောင်(ခ)ဘောပြားမ၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့် စောရန်နိုင် တို့အား ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွား ကားလမ်း၌ FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ သုံးဦးအနက် ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းသည် မူးယစ်အမှုများဖြင့် အလိုရှိ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း။
      ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားနှင့် ဇော်ဇော်နောင် (ခ)ကိုနောင်တို့ နှစ်ဦးအား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနှင့် မိုင်းရယ်မြို့နေ စိုင်းစောတို့ နှစ်ဦးမှ မူးယစ်ဆေးဝါးများအား လွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ
ဘိန်းဖြူ ၁၄၈ ကီလိုကျော် ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။