Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါ လာသော SHN-10/5B-XXXX NISSAN ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါသံပိုက်လုံး လေးလုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း (ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၀၇ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း။

   ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ စိန်ကျော်ဝင်းအား ဇွန် ၂၇ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။