၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ် မီးကြိုးများခိုးယူသူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် ည ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၃၁၅)ရှေ့၌ အမျိုးသမီး နှစ်ဦးအား ပီနံအိတ် တစ်လုံးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုရပ်ကွက်နေ ဒေါ်ယဉ်ချို(၂၆)နှစ်နှင့် ဥသျှစ်ကုန်းရပ်ကွက်နေ ဒေါ်စန်းအေးမာ(၃၅)နှစ်တို့ဖြစ်ပြီး ပီနံအိတ်အတွင်းမှ အလေးချိန် ၅ ပိဿာခန့်ရှိ လျှပ်စစ်မီးကြိုးများနှင့် မီးကြိုးများဖြတ်တောက်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများအား တွေ့ရှိရသဖြင့် ၎င်းတို့ နှစ်ဦးအား အမှတ်(၁)မြို့မရဲစခန်း (ပ)၆၆/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများခိုးယူသူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။