၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လျှပ်စစ်ကြေးနန်းကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် “ပါရာဒိုက်” ဟိုတယ်ဝင်း ဝန်ထမ်းလိုင်းခန်းအနီး ချုံတောအတွင်း၌ တာချီလိတ်မြို့နယ်၊ ခုတ်ဝကျေးရွာနေ စိုင်းထွန်းအောင်(၂၉)နှစ်အား ပီနံအိတ်ဖြင့် ထုပ်ပိုးထားသည့် လျှပ်စစ်ကြေးနန်းကြိုးဖြတ်စ ၂၇ ပိဿာခန့် (တန်ဖိုးငွေ ၁,၀၅၃,၀၀၀ ကျပ်ခန့်)၊ ကြေးနန်းကြိုးများ ဖြတ်တောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးခဲ့ရာ အဆိုပါကြေးနန်းကြိုးများအား “ပါရာဒိုက်” ဟိုတယ်နောက်ကျောနံရံဘေးမှ ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် စိုင်းထွန်းအောင် အား ဝမ်ပုံနယ်မြေရဲစခန်း (ပ)၂၃/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လျှပ်စစ်ကြေးနန်းကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။