၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကံမမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါမြစ်ရေ မြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁၂၀ ဦး တို့အား ရေဘေးလွတ်ရာ ရွှေခရုတောက်ဘုရားကုန်းသို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၂၅၃ ဦးတို့အား ရေဘေးလွတ်ရာတောင်ပေါ်ဘုန်းတော်ကြီးကျောင်း၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။