၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁၅)ရပ်ကွက်၊ စကားဝါလမ်းအရာက်၌ ပုံဝိုင်းလောင်းကစား ပြုလုပ်နေသည့် အဆိုပါရပ်ကွက်နေ နေဝင်း(၅၁)နှစ်၊ မာညို(၆၃)နှစ်၊ ချောစုလှိုင်(၄၃)နှစ်၊ မပေါက်(ခ)မူမူဇင်(၃၇)နှစ်၊ ထက်ထက်ဝေ(ခ)ထက်ထက်အိ(၃၃)နှစ်၊ အမှတ်(၉)ရပ်ကွက်နေ လဲ့လဲ့မော်(၃၉)နှစ်နှင့် အမှတ် (၁၄)ရပ်ကွက်နေ ခင်သန်းတင့်(၄၇)နှစ်တို့ ခုနစ်ဦးအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် မင်းသား၊ မင်းသမီးပုံ ၂၄ ပုံပါ ဗီနိုင်း တစ်ချပ်နှင့် ပုံဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နေဝင်းပါ ခုနစ်ဦးအား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။