၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်း၌ ကျော်မင်းထွန်း မောင်းနှင်ပြီး ကျော်ထက်အောင် လိုက်ပါလာသော HYUNDAI STAREX မော်တော်ယာဉ်နှင့် ဟန်ဌေး မောင်းနှင်သည့် HYUNDAI STAREX မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါယာဉ် နှစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂၅ သန်းနှင့် ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ ဟိန်းမင်းလတ်အား ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ တည်းခိုခန်း၌ FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ မန္တလေးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဗန်ကျဲအိုမန်းနှင့် ရွန်လှေကျုံးတို့ နှစ်ဦးအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၁ အိုင်လမ်းရှိ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် ဆီဘောက်ဆာ မော်တော်ယာဉ် နှစ်စီး၊ TOYOTA HILUX SURF မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂၅ သန်း (ဒေသကာလ တန်ဖိုးငွေကျပ် ၁၉ ဒသမ ၁၂၅ ဘီလံယံ)နှင့် ဘိန်းဖြူ ၂၂ ကီလို(ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံ)ဖြစ်ကြောင်း။ ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ ရှမ်းလေး၊ အောင်မြင့်ထွန်းနှင့် မန္တလေးမြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စံရန်းတို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။