Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာရှိ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့ဘက်မှ အရာတော်မြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မကျီးကန်ကျေးရွာနေ ထွန်းထွန်းနိုင် (၃၈)နှစ် မောင်းနှင်လာသည့် YGN-13/7G-XXXX NISSAN AD VAN မော်တော်ယာဉ်အား လည်းကောင်း။
     အလားတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ စစ်ကိုင်းမြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျွဲဇင်းကျေးရွာနေ ထွန်းမြင့်ထွန်း(၃၆)နှစ် မောင်းနှင်သည့် YGN-33/4F-XXXX TOYOTA LANDCRUISER မော်တော်ယာဉ်အား လည်းကောင်း။
     ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကြောင်ငယ်ရပ်ကွက်၊ ကုန်းမြင့်သာယာလမ်းနေ သန့်ဇင်စိုး(၂၃)နှစ်၏ နေအိမ်အား သတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သန့်ဇင်စိုးအား ၎င်း၏နေအိမ်၌ YGN-44/6P-XXXX HONDA FIT မော်တော်ယာဉ် တစ်စီးနှင့် YGN-22/1J-XXXX CROWN မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော် ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ထွန်းထွန်းနိုင်၊ ထွန်းမြင့်ထွန်းနှင့် သန့်ဇင်စိုးတို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။