Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အနောက်မှ အရှေ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်နေ မင်းသီဟ (၂၂)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ထက်ဝေယံဦး(၂၁)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ကွမ်းခြံရပ်ကွက်နေ ဇော်လွင်(၄၅)နှစ် စီးနင်းလာသည့် စက်ဘီးတို့သည် အခင်း ဖြစ်နေရာလမ်းအလယ်၌ မျက်နှာချင်းဆိုင်တိုက်မိ၍ ဇော်လွင်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မင်းသီဟနှင့် ဇော်လွင်တို့ နှစ်ဦးအား တွံတေးမြို့မရဲစခန်း၌ ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားသည့် ဖြစ်စဉ်မှ သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ။