Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆီဘောက်ဆာယာဉ်မှ လမ်းဘေးရပ်တန့်ထားသည့် နောက်တွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့၍ ဆီဘောက်ဆာယာဉ်မောင်း သေဆုံး

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က ဆီဘောက်ဆာယာဉ်မှ လမ်းဘေးရပ်တန့်ထားသည့် နောက်တွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့၍ ဆီဘောက်ဆာယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် ည ၉ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရတနာလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၂၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်၊ ရုံးရပ်ကွက်နေ ကျော်မင်းထွန်း(၄၃)နှစ် မောင်းနှင်လာသည့် MGY-19 4A-XXXX NISSAN DIESEL ဆီဘောက်ဆာယာဉ်သည် ရတနာလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် အလိုတော်ပြည့် ကားမှတ်တိုင်အနီးအရောက်၌ လမ်းဘေးတွင်ရပ်တန့်ထားသည့် MDY-15 9L-XXXX DONGFENG နောက်တွဲယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ကျော်မင်းထွန်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ၎င်းအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း ယာဉ်(ပ) ၁၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆီဘောက်ဆာယာဉ်မှ လမ်းဘေးရပ်တန့်ထားသည့် နောက်တွဲယာဉ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။