၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီး(လမ်းဟောင်း)၌ ကွန်တိန်နာ ၂၂ ဘီး မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးပြီး ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၂၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေတွင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်မြို့နယ်၊ ကျိုက်အင်းကျေးရွာနေ သက်နိုင်(၅၁)နှစ် မောင်းနှင်လာသည့် YGN-17 4L-XXXX DAEWOO ကွန်တိန်နာ ၂၂ ဘီး မော်တော်ယာဉ်သည် တပ်ကုန်းမြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံကျေးရွာနေ သူရိန်မင်း(၂၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်ကြသည့် နေလင်းထက်(၁၁)နှစ်နှင့် ဇွဲမြတ်မိုး(၁၃)နှစ်တို့ လိုက်ပါလာသည့် KENBO 110 အနက်ရောင် မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ သူရိန်မင်းနှင့် နေလင်းထက်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇွဲမြတ်မိုးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် သက်နိုင်အား ရွှေတွင်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ကွန်တိန်နာ ၂၂ ဘီး မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။