Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် ည ၆ နာရီ ၄၀ မိနစ်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၇ ဖာလုံရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းရပ်ကွက်နေ အောင်ပိုင်သူ(၂၉)နှစ် မောင်းနှင်လာသည့် YGN-10 6J-XXXX NISSAN NOAH အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ပိုင်သူအား ဖြူးအမြန်လမ်းမကြီးရဲစခန်း (ပ)၂၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။