(၇)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်အစည်းအဝေး (7th ASEAN Police Forensic Science Network Meeting - 7th APFSN)ကို ရန်ကုန်မြို့၊ Jasmine Palace Hotel ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ (၇)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်အစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ် တင်ကိုကို က ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံရဲအဖွဲ့ (ASEANAPOL) အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးအပါအဝင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၉ ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပထမနေ့တွင် တက်ရောက်လာကြသော အာဆီယံရဲအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများအလိုက် ကိုယ်စားလှယ်များက မှုခင်းသိပ္ပံ (Forensic Science) နယ်ပယ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဘေးအန္တရာယ်ဒဏ်ခံရသူများအားဖော်ထုတ်ခြင်း (Disaster Victim Identification-DVI) နှင့် အခင်းဖြစ်ရပ်စုံစမ်စစ်ဆေးခြင်း (Crime Scene Investigation-CSI) အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး၏ ဒုတိယမြောက်နေ့တွင် အစည်းအဝေးမှတ်တမ်းကို ဆွေးနွေးအတည်ပြု၍ တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြပြီး အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။