လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး စာသင်ကျောင်းများ ဖွင့်လှစ်၍ ကလေးသူငယ်များအား ပညာသင်ကြားပေးနေမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများသို့ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ စည်သာကျေးရွာသို့ လက်နက်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းဖြစ်သည့် အရှိုချင်းကာကွယ်ရေးတပ်(ACDF)အဖွဲ့ အင်အား ၃၀ ဦးခန့်က ကျေးရွာအနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကံနီကျေးရွာဘက်မှ ရောက်ရှိလာပြီး စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးအောင်ဇော်လင်းနှင့် ကျေးရွာနေ အရပ်သားပြည်သူ ခြောက်ဦတို့အား ကျေးရွာအနောက်ဘက် မီတာ ၁၅၀ ခန့်အကွာ ရေကန်အနီးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများအား သိမ်းယူကာ “ကျောင်းဖွင့်လှစ်ခြင်း မပြုရန်နှင့် ကျောင်းဖွင့်က သတ်ပစ်မည်” ဟု ခြိမ်းခြောက်ပြောဆို၍ ကံနီကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်လင်းနှင့် ကျေးရွာနေပြည်သူ ခြောက်ဦးမှာ ဇွန် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။