၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ကြည် (၅၉)နှစ် (ဘ)ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီ ၈ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ၎င်းမှ ငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား နှစ်ဦးက ယာဉ်အမှတ် 1E/XXXX HONDA FIT အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးမည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေကျပ် ၁၀၀,၃၀၂,၄၀၀ ထည့်ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ တစ်လုံးနှင့် ရုံးအတွင်း တပ်ဆင်ထားသည့် CCTV ကြိုးများအား ဖြတ်တောက်၍ CCTV မှတ်တမ်း အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့ တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားစဉ် ညစောင့်တာဝန်ဆောင်ရွက်နေသည့် Aliance ငွေစုငွေချေးရုံးမှ ညစောင့် ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို(၃၃)နှစ်(ဘ)ဦးဌေးဝင်းနှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး(၂၁)နေ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီး(၂၈)နှစ်(ဘ)ဦးညွန့်ဖေတို့နှစ်ဦးက မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါက ငွေကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ မေးမြန်းပါက ဧည့်စာရင်းလာရောက်စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့်ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ တစ်လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း၊ ညစောင့် ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကိုကိုတို့ နှစ်ဦးက မက်လုံးပေး စည်းရုံးထားသဖြင့် မန်နေဂျာ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်းတင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်းကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံဖြစ်သူ ခင်မောင်ကြည်၏ထွက်ဆိုချက်အရ ကျန်တရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူး အောင်ကိုကို၊ ငွေချေးတာဝန်ခံ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး(၇)နေ ဆန်းအေး(ခ)ကာဒရ်ဘိုင် (၅၂)နှစ်(ဘ)ဦးမူဆာတို့ သုံးဦးအား ငွေကျပ် ၉၉,၇၀၂,၄၀၀၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ တစ်လုံး၊ ရုံးသုံးလက်တော့ နှစ်လုံး၊ ရုံးသုံးကြိုးဖုန်း တစ်လုံး၊ ရုံးသုံး CCTV သုံးလုံး၊ အစိမ်းရောင်တိပ်ခွေ တစ်ခု၊ ကတ်ကြေး တစ်လက်၊ ရုံးသုံး Tablet တစ်လုံး၊ ကျောပိုးအိတ် နှစ်လုံး နှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/XXXX HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ တရားခံ အောင်ကိုကို၊ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီးနှင့် ခင်မောင်ကြည်တို့ သုံးဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ကျူးလွန်သည့် ပြစ်မှုအား ဖုံးကွယ်၍ ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တရားခံ အောင်ကိုကိုပါ သုံးဦးနှင့် ပူးပေါင်းကျူးလွန်သူ တရားခံ ဆန်းအေး(ခ)ကာဒရ်ဘိုင်တို့ လေးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်
ပုန်းလျှိုးကျော်နင်း ဝင်ရောက်ယူဆောင်သွားသည့် ရုံးဝန်ထမ်း သုံးဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုးသား
တစ်ဦးတို့အား သက်သေခံပစ္စည်းများ၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ်
တစ်စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။