(၃၉) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ သတင်းအချက်အလက်နည်းပညာကော်မတီ အစည်းအဝေး (ASEANAPOL Database System Technical Committee Meeting – 39th ADSTC) ကို နေပြည်တော်၊ Hotel MAX တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ (၃၉) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ် တင်ကိုကို က ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြား၍ အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံရဲအဖွဲ့ (ASEANAPOL) အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး အပါအဝင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၏ ပထမနေ့တွင် အာဆီယံရဲအဖွဲ့၊ အီလက်ထရောနစ်သတင်းအချက်အလက်စနစ် (ASEANAPOL electronic Database System- e-ADS)၏ အဆင့်မြှင့်တင်မှုများနှင့် နောက်ဆုံးအခြေအနေများကို အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး e-ADS တိုးမြှင့်အသုံးပြုမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး၏ ဒုတိယမြောက်နေ့တွင် အစည်းအဝေးမှတ်တမ်းကို ဆွေးနွေးအတည်ပြု၍ တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြပြီး အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။