Language: Myanmar English

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများအား KIA လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အဓမ္မချုပ်နှောင် ဖမ်းဆီးခေါ်ဆောင်

     KIA လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့နှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများတွင် အခြေပြုနေရာယူ၍ အပြစ်မဲ့ အရပ်သားပြည်သူများအား လူသားတံတိုင်းပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကင်းစခန်းများအား အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အုံများနှင့် လမ်း၊ တံတားများအား ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ၎င်းအဖွဲ့အစည်းများအနေဖြင့် ထိုသို့ပြုလုပ်ရာတွင် လိုအပ်လျက်ရှိသည့် လူအင်အားများကို ၎င်းတို့ဝင်ရောက်နေထိုင်သည့် ကျေးရွာများ၌ အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား အတင်းအဓမ္မဖမ်းဆီးကာ လူသစ်စုဆောင်းခြင်း၊ အတင်းအကြပ် ဖိအားပေးခြိမ်းခြောက်ကာ အကြမ်းဖက်မှုလုပ်ရပ်များအား အဓမ္မစေခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။
     ထိုသို့ပြုလုပ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီ ၅၀ မိနစ်တွင် KIA လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအင်အား ၆၀ ဦး ခန့်သည် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အဆိုပါကျေးရွာတွင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် အသက်(၁၈)နှစ်နှင့် (၄၅)နှစ်အတွင်းရှိသည့် ဒေသခံပြည်သူ အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား ၎င်းတို့၏နေအိမ်များအတွင်းမှ အတင်း အဓမ္မဝင်ရောက်ဖမ်းဆီး၍ လက်ပြန်ကြိုးတုပ်ကာ ပင်းကြိုင်းကျေးရွာအရှေ့တောင်ဘက် ၆ မိုင်ခန့် အကွာရှိ ဒေသအခေါ် နွားလဘို့တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
     အလားတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၂ နာရီတွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းသို့ KIA လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအင်အား ၂၀ ဦးခန့်သည် မော်တော်ယာဉ် နှစ်စီးဖြင့် ဝင်ရောက်လာပြီး အဆိုပါရပ်ကွက်အတွင်းရှိ “MYITKYINA SKY” မိုတယ်နှင့် “GREAT” တည်းခိုခန်းတို့တွင် တည်းခိုနေထိုင်သည့် အပြစ်မဲ့ အရပ်သားပြည်သူ ၂၈ ဦးတို့အား အတင်းအဓမ္မ ချုပ်နှောင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
    ထိုသို့ အကြမ်းဖက်သမားများ၏ အတင်းအဓမ္မ ချုပ်နှောင်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါကလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်း ပေးပို့နိုင်ကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။