အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၄)ရပ်ကွက်သို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဝါ(၅၅)နှစ်၊ ဒေါ်မဲ(၅၂)နှစ်နှင့် ကိုစောကံဝင်းသိန်း(၂၉)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျုံဒိုးတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။