Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေးမြို့နယ်၊ ဝူကတောကျေးရွာနေ ဦးညို(၅၃)နှစ်သည် အဆိုပါကျေးရွာရှိ ကျိုက်ကွမ်းပျင်းဘုန်းကြီးကျောင်း၌ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး  ဦးဌေးဝင်း(၅၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနောက်ဘက်ရှိ စိုက်ခင်းသို့ တစ်ဦးတည်း သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် တစ်ဖာလုံခန့်အကွာအရောက်၌ အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဌေးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
     အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးမျိုးမင်းသူ(၃၃)နှစ်သည် ရပ်ကွက်အတွင်းရှိ “Beer Star-5” စားသောက်ဆိုင်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။