Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးတို့အား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကံ့ကော်ပင်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကြီးရွှေ(ခ)ဦးအေးရွှေ(၇၅)နှစ်သည် ၎င်း၏နေအိမ်မှ အုတ်တွင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်စဉ် ကံ့ကော်ပင်ကျေးရွာထိပ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးကြီးရွှေ(ခ) ဦးအေးရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလွှမ်းမိုးနိုင်(၄၀)နှစ်သည် နေအိမ်မှ စစ်ကိုင်းမြို့သို့ MDY-13 2L/XXXX AD-Van မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်သွားစဉ် ကျေးရွာထိပ်အရောက် အသင့်စောင့်ဆိုင်းနေသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အားရှစ်ဦးမှ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလွှမ်းမိုးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။