Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက်ကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်(၅၄)နှစ်နှင့် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးထွန်းဝင်း(၆၂)နှစ်၊ ဦးဝင်းနိုင်(၄၈)နှစ်၊ ဦးဌေးဝေ(၅၈)နှစ်၊ ဦးမြင့်မောင်(၆၂)နှစ်တို့ ငါးဦးသည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က Light Truck မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအဝင်ရှိ ကုက္ကိုပင်အောက်၌ ဦးထွန်းဝင်းနှင့် ဦးဝင်းနိုင်တို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ပြီး ဦးစိုးနိုင်၊ ဦးဌေးဝေနှင့် ဦးမြင့်မောင်တို့ သုံးဦးအား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
     အလားတူ ည ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနေ ထောက်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းလှိုင်(၅၉)နှစ်သည် အဆိုပါကျေးရွာနေ ကိုနေတိုး(၂၈)နှစ်၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်ဝင်းလှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
   ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။