အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ကုန်တင်မော်တော်ယာဉ် တစ်စီးအား မိုင်းဆွဲဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြိတ်မြို့နေသူများဖြစ်ကြသည့် ဦးမင်းသူရကို(၃၅)နှစ်မောင်းနှင်ပြီး ကိုအောင်မင်းစိုး(၂၇)နှစ် လိုက်ပါလာသော ယာဉ်အမှတ် 7L/XXXX NISSAN အပြာရောင် ခြောက်ဘီးကုန်တင်ယာဉ်သည် ဆန်အိတ်နှင့် ကုန်မျိုးစုံ တင်ဆောင်ကာ ပြည်ထောင်စုလမ်းမအတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့သို့ ထွက်ခွာလာစဉ် ဘန်းလမွတ် ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မိုင်းဆွဲဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ဦးမင်းသူရကိုတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ယာဘက်ရှေ့ဘီး၊ ဝဲဘက်နောက်ဘီး၊ ဆီတိုင်ကီတို့တွင် မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။