Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် တစ်ဦး လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် 

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
     ထိုသို့ သတင်းထုတ်ပြန်ထားရှိခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက် ည ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မအူတန်းကျေးရွာနေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရန်လင်းအောင်(၂၁)နှစ်သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၎င်း၏မိခင်ဖြစ်သူမှတစ်ဆင့် အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်း ခေါ်ဆောင်ခဲ့ရာ ၎င်းကိုင်ဆောင်သည့် M4 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၆ တောင့်တို့အား အပ်နှံပေးခဲ့သဖြင့် ၎င်းအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
     ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။