Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက် ည ၆ နာရီ ၂၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်း(၅၂)နှစ်သည် တစ်ရွာတည်းနေ ကိုမှိုင်းဝေ(ခ)အောင်ကိုလတ်(၃၇)နှစ်နှင့်အတူ လှည်းကူးကျေးရွာမှ အလယ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကန့်လန့်ကုန်းကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးစိုးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုမှိုင်းဝေ(ခ)အောင်ကိုလတ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား မင်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက
လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးကာ အပြစ်မဲ့
အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။