Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့၍ အကြမ်းဖက်သမား ခြောက်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား သုံးဦးအား အသေဖမ်းဆီးရမိ 

    PDF အမည်ခံအကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
    ထို့သို့ကျူးလွန်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၄ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ပုဏ္ဏမီလမ်းနေ ဒေါ်နိုနိုဦးလွင်(၃၃)နှစ်သည် ၎င်း၏နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ထားသည့် Blue Liquor House ဆိုင်၌ မိသားစုဝင်များနှင့်အတူရှိနေစဉ် သေနတ်အတိုများ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)သည် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်နိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာ(၃)နှစ်တို့ နှစ်ဦးအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ကယ်များဖြင့် တင်ဆောင်၍ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈)၊ ကွမ်းခြံဘက်သို့ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား အကြမ်းဖက်သမားများက ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရခြင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြန်ပေးဆွဲမှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်ကြသော နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈)နေ သက်အောင်ဖြိုး(ခ)ကောင်းကင်(၂၃)နှစ်(ဘ)ဦးအောင်လင်းအားလည်းကောင်း၊ ည ၁၀ နာရီ ၃၅ မိနစ်တွင် ကောင်းရှင်းသန့်(ခ)ပေါက်စီ(၁၇)နှစ် (ဘ)ဦးအောင်နိုင်ဝင်း၊ ဇင်မင်းထွန်း(ခ)ကိုမင်း(၃၁)နှစ်(ဘ)ဦးသန်းထွန်နှင့် ရောင်နီဦး(ခ)ကတုံး(ခ)ရကောက်(၂၆)နှစ်(ဘ)ဦးအောင်ဆန်းတို့ သုံးဦးအား နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈)၊ ကွမ်းခြံအစပ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
    ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ ဒေါ်နိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့ နှစ်ဦးအား ကွမ်းခြံအစပ်နှင့် မြို့ရှောင်လမ်းကြားတွင်ရှိသော သနပ်ခါးခြံအလယ်ရှိ ၎င်းတို့၏ အကြမ်းဖက်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အဆိုပါစခန်း၌ အကြမ်းဖက်အဖွဲ့ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်း သတင်းဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့ငယ်များခွဲ၍ တိတ်တဆိတ်ဝင်ရောက် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားများဖြစ်ကြသည့် ငထူး၊ ချိုကြီးနှင့် ပိုလီယိုတို့ သုံးဦးအား လက်လုပ် သေနတ် နှစ်လက်၊ ကျည်အချို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတွင်  ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ဒေါ်နိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့အား ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်တင်နိုင်ခဲ့ပါသည်။ 
    ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအား ပိတ်ဆို့ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မေ ၅ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် အဆိုပါရပ်ကွက်၊ သုဗောဓာရုံကျောင်းလမ်း လမ်းသွယ်၌ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ ဇင်ကိုလင်း(ခ)သားချော(၃၃)နှစ်(ဘ)ဦးအောင်ကျော်သန်းနှင့် စက်မှုဇုန်ရပ်ကွက်နေ ကျော်စိုးသူ(၃၃)နှစ်(ဘ)ဦးကျော်မျိုးညွန့်တို့ နှစ်ဦးအား MG-1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ သက်အောင်ဖြိုး(ခ)ကောင်းကင်၏နေအိမ်အရှေ့ မြေကြီးအတွင်းမှ ဆာလာအိတ်ဖြင့်ပတ်၍ မြှုပ်နှံထားသည့် MA-2 သေနတ် တစ်လက်၊ ဘောက်ဝိုင်း တစ်ခု၊ ၎င်းကျည် ၄၆ တောင့်၊ လက်လုပ်သေနတ် နှစ်လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည် လေးတောင့်၊ 91 လက်ပစ်ဗုံး တစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ပါသည်။
    ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ဒေါ်နိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့ နှစ်ဦးအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးချုပ်နှောင် အကျပ်ကိုင်ကာ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်သမား ခြောက်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား သုံးဦးအား အသေဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံများ။