Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

    လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ခြောက်အိမ်စုကျေးရွာနေ ဒေါ်ဟန်နီစိုး(၃၁)နှစ်သည် ကညွတ်ကွင်းမြို့မှ အင်းတော်ကွင်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် လင်းယောခင်ကျေးရွာလမ်းဆုံအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်ဟန်နီစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။